ဝေဒနာ ဆိုတာ ရင့်ကျက်သည်းထန်လာရင်
အနှိုင်းမဲ့ အလှဖြစ်သွားတယ်
ဒါမှမဟုတ်
အဲဒါကို ရူးသွပ်ခြင်းလို့ခေါ်တယ်….
Tuesday, September 16, 2008
Subscribe to:
Post Comments (Atom)
ရင်ခွင်နဲ့ မဆံ့တော့တဲ့ ခံစားမှုတွေကို မျှဝေပေးထားတဲ့ ဒီနေရာ{ထွက်ပေါက်}လေးက ကျွန်တော် အတွက် ဝေဒနာပြခန်း…………….. လွမ်းဇာနည်
ကိုယ်ပိုင်တဲ့ သရဖူ မကာကွယ်ဘဲ
သူများကို အလဲထိုးဖို့ အားထုတ်မနေနဲ့….၊
ထမ်းမထားချင်လို့
လွှတ်ချလိုက်တာက ဆေးရှိတယ်…
မထိန်းနိုင်လို့
လွတ်ကျသွားခဲ့ရင်တော့
“ဘ၀သမိုင်း” ပဲ
နှလုံးရည်နဲ့ မနိုင်လို့
လက်ရုံးရည်နဲ့ တိုက်ယူရင်
မင်းက တံဆိပ်ကြိုက်သူ ဖြစ်သွားမှာပေါ့……၊
အကောင်သေး အမြှီးတိုလေးပါ
ဒီနေရာမှာ အဆိပ်မရှိလောက်ဘူး ဆိုပြီး
မထိပါးလိုက်နဲ့
ဝိညာဉ်စီးချင်း ဖြစ်သွားမယ်………၊
အစွယ်ချိုး
အညွန့်ချိုးမိလို့ကတော့
အဲဒါ
ကိုယ့်မီးကိုယ်မွှေးလိုက်တာပဲ…………….။ ။
ကိုယ်တိုင်ဖွင့်ကြည့်ဖို့ မကြိုးစားဘဲ
အထဲမှာ ဘာရှိသလဲ?
လွယ်လွယ် မသိချင်လိုက်နဲ့
(လွယ်လွယ် မသိစေချင်လို့ ဖုံးအုပ်ထားတာလေ)
မင်း သိထားရမှာက
ဘယ်အရာမှ
“အလကား” မရဘူး………။ ။
ခံစားချက်နဲ့ ဇွတ်မလုပ်နဲ့လေ
တဖက်သား ခံစားချက်ကို သုံးသပ်ပြီးမှ
ကိုယ့်ကိုကိုယ် တွေး,ကြည့် ပါလား?
အမြင့်တက်ရင် ပင်ပန်းမှာစိုးလို့
ကုန်းဆင်းတာ
အောက်ရောက်သွားမယ် ဆိုတာ မင်းသိသင့်တယ်
အောက်တန်းမကျချင်စမ်းပါနဲ့….
တောင်းယူရမှာ ရှက်လို့
လုယူမယ် …ဆိုရင်
ပိုဆိုးသွားမှာပေါ့
“မင်း ဘာကို တန်ဖိုးထားသလဲ”
{ရိုးသားချင်တယ်}
သစ္စာဖောက်တာခံခဲ့ရဖူးတဲ့အခါ
ကိုယ်ခံစားသလို
ကိုယ့်ကြောင့် ဘယ်သူမှ မခံစားရပါစေနဲ့..
မပြည့်သေးတဲ့ အိုးလို့ ခံယူထားပါရဲ့
ဖြည့်နေချင်တယ်
မြင့်မြတ်မှု အတွက်
ဖြူစင်မှု အတွက်……….။
အဇ္ဈတ္တဝေဒနာကို
ဗဟိဒ္ဓ ဖြေစရာတွေက
နေသာစေမယ် မထင်ဘူး…….။
ဟန်ဆောင်အပြုံးတွေ မဆိတ်သုဉ်းစတမ်းပွင့်
အမှန်တရားကို
အတုတွေခြုံလွှမ်းထားတဲ့ မာယာတောမှာ
သား…….
ရောယောင်ပြီး ကဗျာမဆန်ချင်ဘူး ….မေမေ
ရင်ထဲက မပါဘဲ ပြုံးနေတဲ့
မောနေသူတွေကြား
သား ကိုယ့်ကိုကိုယ် ဖြူစင်စွာ မေးမိတယ်..
“ဘယ်နေရာကနေ အောင်မြင်ချင်လဲ? ”
သား ရိုးသားချင်တယ် မေမေ
{ခေါ်ဆောင်ရာ နောက် }
*ငါ့ ၀ိညာဉ်က
မင်း မော်ဖူးတဲ့ ကောင်းကင်ကို မလင်းလတ်စေချင်ဘူး ဆိုရင်
ငါ့ကို ပိတ်ပစ်လိုက်
အဲဒီလို တောက်ပချင်ခဲ့ဖူးပါတယ်……….၊
**ငါ့ နှလုံးသားက
မင်းရင်ခွင်ကို တခုခု စီးဝင်မကျန်ရစ်စေဘူး ဆိုရင်
ငါ့ကို သိမ်းပိုက်လိုက်
အဲဒီလို သန္ဓေပိုးနဲ့
အောင်မြင်မှုကို မျှော်ကိုးခဲ့ဖူးတယ်….
ဒါတွေ ဇာတ်သိမ်းသွားခဲ့ပြီ…….၊
***အခုတော့……..အခုတော့……….အခုတော့
အမေ့ရင်ခွင်ကြား ထင်ရှားခွင့်မရှိတဲ့ကြယ်
တပြည်ကွာနယ်ခြား ဝေဒနာတွေပွားယူနေရပေါ့
သား လိုက်ရှာတာ မဟုတ်ဘူး မေမေ…..
ခေါ်ဆောင်ရာ………… ခေါ်ဆောင်ရာ……….။
မလိုက်ရင်လည်း ကျန်ခဲ့မှာမို့
ကိုယ်လျှောက်နေတဲ့ ဒီလမ်း
သာယာအောင် အပင်ပန်းခံပြီး ခင်းနေရတယ်
“ကိုယ်ရည်သွေး က,ကွက်တွေက
သံစဉ် အပျက်ဆုံး ” ပဲ မေမေ…..။ ။
{လူငယ်}
ယုံကြည်ကိုးကွယ်ရာကို
နားစွင့်မနေနဲ့
ကိုယ်လျှောက်မယ့်လမ်း
ကိုယ်ဘာသာဖောက်တာကောင်းတယ်…….
သူများလက်ညှိုးညွှန်တိုင်း
လိုက်ကြည့်ဖို့ မလိုဘူး……
လိုက်ဆိုတဲ့ အသုံးအနှုန်းက
နောက်လိုက်ဆိုတဲ့ မုချ အဓိပ္ပာယ်ပဲ….
အတုမယူလိုက်နဲ့
အတုယူရင် အတုပဲရမယ်….
အစစ်ဆိုတာ
ကိုယ်တိုင်ဖန်းတီးယူရတဲ့ အရာ…..၊
မရောက်သေးတဲ့ ရှေ့ကတောအုပ်ကို ဖြတ်ဖို့
ပတ်ဝန်းကျင်က
ကိုင်း,ခက်,ဖူး, ပွင့်တွေကို
အကဲဖြတ်ပိုင်ခွင့်ရှိတယ်…..
အဲဒါဟာ
အလွတ်လပ်(လွတ်ကင်း)ဆုံးသော
ကိုယ်ပိုင်စွမ်းအားဖြစ်တယ်…….။ ။
{ရွှေရောင်လျှောက်လမ်း}
လျှောက်လဲချက်လှပတယ် ဆိုတာနဲ့
ထုချေလွှာက အမှန်တရား ဖြစ်မလာနိုင်ပါဘူး…
အချိန်မပေးနိုင်ရင်
ဘယ်အရာမှ နက်ရှိုင်းမှု ရှိမှာမဟုတ်ဘူး….
ဘာလုပ်လုပ်
အကျိုးမမြတ် တခုခုကျန်မှ
အဓိပ္ပာယ်ရှိမယ်…
အဖြစ်လုပ်တယ် ဆိုတဲ့ အလုပ်က
အချိန်,တန်ဖိုး, အရည်အသွေး
အလွဲသုံးစားလုပ်မှုပါဘဲ….၊
လုပ်ချင်စိတ်တခုတည်းနဲ့တော့
အားမထုတ်လိုက်နဲ့
လုပ်သင့်သလား?
လုပ်ရင်ကောင်းတဲ့ လက္ခဏာမြင်လား?
ပွဲက အဲဒီတော့မှ
စတယ်……။ ။
{အသက်ဥာဏ်စောင့်}
လျှော့မတွက်နဲ့
အံချော်မှုဟာ နှစ်သိမ့်စရာမဟုတ်ဘူး
လက်ရှိဘ၀ဟာ
ငယ်ငယ်ကဆော့ခဲ့တဲ့
သဏ္ဍာန်လုပ် အတုကစားပွဲ မဟုတ်ဘူး….
အမှားတဲ့လား?
တစ်ခါတည်းပါ
လှည်းသားငါးရာ အသက်ပေးလိုက်ရတယ်…..။
{သရဖူ ယူပွဲ}
သံသယကို အယုံသွင်းဖို့
စိန်ခေါ်ပွဲတော့ ကျင်းပရလိမ့်မယ်….
ကောင်းကင်က သရဖူယူပွဲ
(စွမ်းနိုင်လျှင်)
မည်သူမဆို ဆင်နွှဲပိုင်ခွင့်ရှိတယ်….
လောင်းကြေးနည်းတာ
ရလာဒ်နည်းတာ ထည့်မပြောနဲ့..
အရည်အချင်း အစစ်အမှန်နဲ့ အောင်မြင်ဖို့ အရေးကြီးတယ်….။
{ကြိုးတန်းပေါ်က ရင်ခုန်သံ}
***တကိုယ်ရည် ည တွေကို သရုပ်ခွဲကြည့်ရင်
ခံယူချက် ဆိုတာ
အငိုမတိတ်တဲ့ အတ္တမိုးသည်းများလား?
***ငွေ့ရည်မဖွဲ့ဘဲ အငြှိုးတကြီးသည်းတဲ့
ရန်ကုန်[18.10.08 သန်းခေါင်ယံ] မိုး
အမေ့ရွာမှာ
အဲသလောက်ရွာ ရင်
အမေ ဘယ်လောက်ပျော်လိုက်မလဲ?
***မထိန်းနိုင်လို့
အလကားရတာပဲလေ ဆိုပြီး
မျက်ရည်တွေကို လွှတ်မချလိုက်ပါနဲ့ အမေ……..
***ခုနက
သားတွေ့လိုက်ရတဲ့
တောက်တောက်ပပ လျှပ်စီးအလင်းဟာ
မိုးသည်းသည်း မိုးမည်းမည်းကြားက
ထွက်လာတာပါ အမေ…….
***သက်တန့်ရောင်ဖူးပွင့်လာမယ့်
သားရဲ့ ကောင်းကင်ကို
ဦးညွတ်ကြိုဆိုဖို့
ခံနိုင်ရည်တွေ လွတ်ကျမသွားအောင်
ပြုံးထားကြတာပေါ့ အမေ….ရယ်…။ ။
<<ခုတော့ အဝေး တပြည်ကွာ>>
{ပဉ္စလတ်ကကြိုး}
ဒီလမ်းကို ဖောက်တာလည်း ငါ
ဒီလမ်းကို လျှောက်တာလည်း ငါ
ဒီ ဇာတ်ကို က,တာလည်း ငါ
ဒီ ဇာတ်ကို ရေးတာလည်း ငါ
……….ဇာတ်ကောင် ငါ
…….ကယ်တင်ရှင် ငါ
အတ္တကို ရွှေချတာ ငါ
ရန်ကုန်မှာ သာချင်တဲ့ လ, ငါ
ကိုယ်ထူကိုယ်ထ
ကိုယ့်ကိုယ်ကို ပြုံးပြရင်း
ပဉ္စလတ်ဆန်ချင်တဲ့ ငါ
နိဒါန်း အလွန်မှာ ရှုံးနိမ့်လို့
မျှော်လင့်ချက်တွေ လွတ်ကျသွားတဲ့အခါ
ရွာ မှာတောင် လင်းလတ်ခွင့်မရှိရှာပေါ့
အခုတော့
ဒီ ဇာတ်ညွှန်းကို မချိုးဖျက်ဘဲ
ဆက်မက,နိုင်လို့
သား…..
က,ရင်း က,ကွက် ကျိုးသွားတယ်
အမေ……….။ ။
{ခေါင်းမြှီးခြုံ မျက်ရည်}
**ပြုစားချင်လို့ မဟုတ်ဘူး
တဖက်ကမ်းခတ် တတ်မြောက်ချင်လို့
သင်ယူလေ့လာတဲ့ ပညာ….
***တထွာအဝေးကို ပြေးထွက်ခဲ့တာ မဟုတ်ဘူး
တပြည်ကွာ အဝေး………..
**ဘယ်လောက်မြင့်မြတ်သလဲ မသိဘူး
ပေးဆပ်ရတဲ့ မျက်ရည်
ကိုယ်သာ အသိဆုံး…..
**မေတ္တာတရားကျမ်းသင်ယူတာ
မျက်ရည် အနက် အလိုလိုတတ်မြောက်ခဲ့တယ်……
“ခေါင်းမြှီးခြုံ မျက်ရည် ဆိုတာ
ငိုသူသာ အသိဆုံးပါဘဲ”
ဝဏ္ဏပဘာလောက်တော့
ဆို့ နင့်စွာ မကြေကွဲရပါဘူး
အလင်္ကာမသိလို့  ကာရံမမိတာကို
ကဗျာလို့  မသတ်မှတ်ချင်လဲရပါတယ်
ဒီရင်ခွင်ဟာလည်း
တကယ်ကို စိတ္တဇလွင်ပြင်
ဒီခံစားမှုကလည်း
ဝေဒနာ စစ်စစ်ပါ
“အနမတဂ္ဂ စီးချင်း”
ခလုတ်ထိမှ လမ်းပျောက်ပြီလား လို့  မတွေးဆစေချင်ဘူး
ဒီလမ်းဟာ ဘယ်သူလမ်းညွှန်မှုနဲ့  လျောက်ခဲ့တာလဲ ဆိုတာထက်
ဘယ်သူ့  ဆုံးဖြတ်ချက်နဲ့  ရွေးချယ်ခဲ့  တာလဲ ဆိုတာ
ပို သုံးသပ်စေချင်တယ်…..။
တကယ်တော့ ကိုယ်တိုင် တရားခံပါကွာ
ဘ၀ဟာ လောင်းကစားပွဲ တခုဆိုပါစို့ 
အနိုင်အရှုံးဟာ ဒိုင် အတွက် မဟုတ်ဘူး
{ပြိုင်ပွဲဝင် အတွက်သာ ဖြစ်တယ်}
ဘ၀ဟာ ပြဇာတ်တခု ဆိုရင်
ဘာတွေ ရင်ဆိုင်ခဲ့ လဲ?
ဘာတွေ အောင်မြင်ခဲ့လဲ?
ဘာ ကျရှုံးခဲ့လဲ?
ဘာပဲ ဖြစ်ဖြစ်
မကျဆုံးသေးတဲ့ လက်ရှိအခြေအနေထိဟာ
ပိတ်ကားအဖွင့် နိဒါန်းပဲ ရှိပါသေးတယ်………။
သေချာတယ်
ပွဲမပြီးသေးသရွေ့  ဘယ်အဆုံးအဖြတ်မှ မမှန်ကန်နိုင်ဘူး……..။
အခြေအနေကို ကြည့်ပြီးကြွေးကြော်တယ် ဆိုတာ
ဖယောင်းတိုင် ကိုင်ထားတဲ့ မျက်ကန်းပဲဖြစ်နိုင်ပါတယ်…။
တကယ်တော့
ဘ၀ဆိုတာ တိုက်ပွဲ စစ်စစ်ပါ
{လိုက်ပွဲ အကန့် အသတ်မရှိဘူး}
ဘယ်တော့ ဇာတ်သိမ်းမလဲ
ငါ့မှာ ဗျာဒိတ်မဲ့တယ်…….။
ကမ်းမရောက်သေးသရွေ့  တော့ လှိုင်းမူးနိုင်တာပဲ..
လောလောဆယ်တော့
ကဲ………….
ပန်းပန်နေဆဲ[တဲ့] မဗေဒါရေ
ခေါင်းလား ? ပန်းလား?
ဖွင့်လိုက်ကြရအောင်
ဘယ်နှစ်ကြိမ်မြောက်ပါလိမ့်…………။
“ခရမ်းရောင်ပေစွန်းသွားတဲ့ကဗျာ”
ရေးခဲ့ဖူးသမျှကဗျာတွေထဲမှာ
ခံစားချက်နဲ့ ဖြစ်ရပ်မှန်
တသားတည်းကျတဲ့ ကဗျာ
တစ်ပုဒ်မှ မပါဘူး
ဒီ ကဗျာရောပဲ….
အချိန်တန်ဖိုးထားတတ်ဖို့ ချစ်သူပေးတဲ့ နာရီထက်
သူငယ်ချင်းပေးတဲ့ ဗလာစာအုပ်ကို ပိုမြတ်နိုးတယ်....
ပျှော်ရွှင်ရဆုံး အချိန် ၊ ရက် တွေမှာ
ကိုယ့် ကို ကိုယ် အမေးဖြစ်ဆုံး မေးခွန်းက
ငါ ဘာကြောင့် ငိုနေမိတာလဲ?
ကြယ်တစ်ပွင့်ထဲမို့ အလင်းဖျော့ရတဲ့
ကောင်းကင်ကို သနားတယ်....
လေအသင့်မှာ ကြွေလွင့်ဖို့ မွှေးပျံ့ စေရတဲ့ ပန်းအတွက်
ဥယျာဉ်မှုးကို သနားတယ်..။
ငိုနေသူကို နှစ်သိမ့်ရင်း
ကိုယ်တိုင် ငိုနေရတာကို
ရင်ထဲမှာ ဘယ်လိုမှ လိမ်ညာမရအောင် သိလိုက်ရတဲ့အခါ
ကြိုးစားပြီးပြုံးလိုက်တယ်.....
အဲဒီ အပြုံးက အကြီးမားဆုံး ဟန်ဆောင်မှု ဖြစ်သွားတယ်..
ဆို့နင့် မွန်းကြပ်မှုတွေကြားကပဲ
ကဲ...ထပ်ခံစားကြည့်ရအောင်....
ပြုံးနေတဲ့ မျက်နှာမှာ မျက်လုံးက ငိုနေတယ်ဆိုရင်
နာမည်တစ်မျိုးတည်းပေးရမယ်ဆိုပါတော့
ဘာနာမည်ပေးမလဲ ?
ကဗျာ ဖတ်သူ အများစုဟာ
ကဗျာ စည်းကမ်း [အမိန့်] မလိုက်နာကျလို့
ဖြူစင်တဲ့ ကဗျာလေးတွေ ပေစွန်းသွားတတ်ကြတယ်
အထူးသဖြင့်
ကျွန်တော် ကဗျာလေး
ခရမ်းရောင်ပေစွန်းသွားတယ်… ။
ကျေးဇူးပြုပြီး {ဒီ ကဗျာကိုလည်း}
ခံစားချက်လား ? ဖြစ်ရပ်မှန်လား ?
မမေးပါနဲ့
{လက်တကမ်း}
ဘ၀ကို လာကိုက်တဲ့ virus က
ကြီးသလား ? သေးသလား? ဆိုတာ
ကိုယ့်ရဲ့ ဖြေရှင်းတိုက်ခိုက်နိုင်စွမ်းက
တိုင်းထွာဆုံးဖြတ်လိမ့်မယ်….။
ဘ၀က
ကြောက်လို့မဖြစ်ဘူး
ကြောက်လို့မရဘူး
ဘာကို ဦးညွှတ်ရမလဲ ….. လို့
ကိုယ့်ကို ကိုယ် အမြဲမေးနေဖို့ လိုတယ်……..။
ရွေးချယ်ဖို့လည်း လိုတယ်
စွန့်လွတ်ရဲဖို့လည်း လိုတယ်
နောက်ဆုံး
လုပ်ချင်တာကို လုပ်ပစ်လိုက်
ကိုယ့် အလုပ်က ကိုယ့်ကို
ဆုံးဖြတ်သွားမယ်…..
ရလာဒ်ကတော့
လက်တကမ်းမှာပဲ……။ ။
28.9.2008
{အနာရင်းချိန်}
ဘ၀ဟာ
ဘာကို ဦးစားပေးသင့်သလဲ?
ဘာ အရေးကြီးဆုံးလဲ ? ဆိုတာ
စီမံ ခန့်ခွဲဖို့ အဆိပ်သင့်ချိန်ဖြစ်တယ်………။
အခက်အခဲ ဆိုတာ
ကိုယ့်ကို အရည်အချင်းစစ်တဲ့
စိန်ခေါ် ဆင့်စာ တစ်စောင်ဖြစ်တယ်……..။
ဘယ်လို ဖြေရှင်းမလဲ?
ဘာနဲ့ ဖြေရှင်းမလဲ?
နှလုံးရည်သုံးမလား?
လက်ရုံးရည် သုံးမလား?
သေချာတယ်
ဘ၀ဟာ
ဘူး , ငြင်းလို့ မရဘူး….
ရှင်သန်ခြင်းဟာ
အဆိပ်သင့်ချိန်
အနာရင်းချိန် ဆိုရင်
မကုစားနိုင်သေးသရွေ့တော့
ခံနိုင်ရည် ရှိရလိမ့်မယ်………
ဘ၀ဟာ
ဒီလို အတုံးအရုံး ကျဆုံးမှု့နဲ့ နိဂုံးချုပ်လို့ မရဘူး…….
ဇာတ်သိမ်းဟာ
လှဖို့ မလိုဘူး………
အဓိပ္ပာယ်ရှိဖို့လိုတယ်……….
28.9.2008
{ဖေဖော်ဝါရီ နိဒါန်းဦး}
နိဒါန်းပေါင်းများစွာထဲမှာတော့
ဖေဖော်ဝါရီ ဟာ ငါ့အတွက် နိဒါန်းဦး……..
အတ္ထု ပ္ပတ္တိကို ပြန်လှန်ကြည့်လိုက်တိုင်း
မ၀ံ့မရဲ အညတြကဗျာ
ငိုချင်းရှည်ဆန်စွာပဲ မှတ်တိုင်တည်ပါရော့…..
ဘ၀ကို ကဗျာလို့
အမည်တပ်ကြည့်တယ်….
ဘ၀ဟာ….
ကဗျာလို အေးချမ်းသာယာမှု မရှိဘူး
ဘ၀ဟာ
လေချွန်သံလောက်တောင် ဂီတမဆန်ဘူးဆိုရင်
အဲဒီ ဘ၀ဟာ
ဘယ်လောက်ခါးသက်မယ်ဆိုတာ
ဘယ်လိုမှ တိုင်းတာပြလို့ ရမှာ မဟုတ်ဘူး
ငါ့ ရဲ့ ကန္တာရ လမ်း မှာ
ငါ့ အရိပ်ကလေးကို ငါပြန်သနားတယ်……
ငါ့ နာရီတွေ မျက်ရည်နဲ့ လည်ပတ်ခဲ့တယ်………
ငါ့ ရှိုက်သံတွေက ပြုစားခဲ့ရတဲ့ လှိုင်းတွေလို…….
အရာအားလုံးကို ပြန်တွေးကြည့်တိုင်း
ရင်ခွင်မှာ လျှက်ပြတ်ခဲ့တယ်……
ဘ၀ရဲ့ အကြီးမားဆုံး ပိုင်ဆိုင်မှု တဲ အိမ်လေး
ငါ့ ရင်ခွင်ထဲက ဘယ်သူ ဆွဲထုတ်သွားလဲ…......?
ပျောက်ဆုံးသွားတဲ့ ငါ့ကဗျာတွေက
ရင်ခွင်တခုလုံးကို ဗြောင်းဆန်စေတယ်………
အမေ့ကို မတွေ့ရတဲ့ ဖေဖော်ဝါရီ ကိန်းဂဏန်းက
ဘ၀ သက်တမ်းတ၀က်
ဖေဖော်ဝါရီ ရောက်တိုင်း အမေကို ပိုလွမ်းတယ်……..
ဒီ ကဗျာလေးကို ငါ အရမ်းချစ်တယ်
[အမေ့ကို မလွမ်းရင် ဒီကဗျာကို ငါရေးမှာ မဟုတ်ဘူး]
ဘာပဲ ဖြစ်ဖြစ်
ဒါဟာ
ဖေဖော်ဝါရီ ကိုယ်စားပြုတဲ့
ငါ့ ဘ၀ရဲ့ သမိုင်းရတု..
{ဘာ အရေးကြီးဆုံးလဲ}
ငါ့ ကိုယ် ငါ မေးတဲ့ မေးခွန်း
ငါ ဘာကြောင့် ခံစားနေရတာလည်းဆိုတာထက်
ခံစားနေရတာကို ကုစားဖို့က အရေးကြီးဆုံးပဲ…
ပျောက်ဆုံးနေလို့ ငါ ရှာဖွေနေတာလား
ငါ ရှာဖွေ လို့ ပျောက်ဆုံးနေတာလား
ဘာပဲ ဖြစ်ဖြစ်
ပြန်တွေ့ဖို့ က အဓိက ကျလိမ့်မယ်……..
ဆေးစက်ဟာ ပန်းချီကားကြောင့်လှတာ ဆိုရင်
ငါဟာ
ဘောင် အပြင်ဘက် ရုန်းထွက်လာသူ ဖြစ်လိမ့်မယ်…..
[လွတ်မြောက်လာသူ လို့ တော့ မဆိုလိုချင်ဘူး]
ဒါပေမယ့်
အခုလည်း တခြားဘောင်ထဲ မှာပါဘဲ
ဒါဆိုရင်
အားလုံးဟာ မလွတ်မြောက်သူပဲပေါ့..
ဘောင် , ဘာကွပ် ကွပ်
ငါ ဘောင်ကြောင့်လှတဲ့ ဆေးစက် မဖြစ်ချင်ဘူး
ငါ ဘာရောင်လဲ ဆိုတာ သိဖို့
အရမ်း အရေးကြီးတယ်…
အပေါက်သေးသေးလေးက
သင်္ဘောကြီး တစ်စီးလုံးကို နစ်မြုပ်စေနိုင်တယ်…..ဆိုရင်
အကြောင်းတရားအားလုံးဟာ
အရေးပေါ်တန်းမှာ ရှိတယ်……။ ။
9.7.2008 12:15pm
{လွန်မြောက်ချင်သူ}
ထမ်းရွက်ထားတဲ့ အရာက လေးလံတယ်လို့ ထင်မြင်မိရင်
အဲဒီ ၀န် အပေါ် အမှန် မမြတ်နိုးသေးလို့ ပါဘဲ…..
သွားပါများ ခရီးရောက် ဆိုတာ
လူတိုင်းသိနိုင်ပါတယ်…
ဒါပေမယ့်
ခရီးသည် ဆိုတာ
အပန်းဖြေ ခရီးတထောက်နားချင်လိမ့်မယ်
အိုဘယ့် ဖန်ဆင်းရှင်
အကျွန်ုပ်သည် လှောင်အိမ်ထဲက အကျဉ်းသားတော့ မဟုတ်
သို့သော်
ထွက်ပေါက်ရှာလိုသည်……
မွန်းကြပ်မှုကို တွန်းလှန်ဖို့ တစုံတရာ လုပ်လိုက်တယ်…….
[ထွက်ပေါက်ရှာခြင်းပေါ့]
အဲဒီ အခါ
အမှန်တကယ် လွတ်မြောက်သွားပါသလား?
မွန်းကြပ်မှု အမှန်တကယ် အဆုံးသတ်သွားပါသလား?
ရောက်မလာသေးတဲ့ သူကို မျှော်ရတာ
အမောဆုံးပါဘဲ
သူ ရောက်လာရင်လည်း
အမောဆို့ မှုတွေ အမှန်တကယ် အဆုံးသတ်မယ် မထင်ဘူး
ဒီ နေ့ ကို မအောင်နိုင်, နိုင်ရင်
မနက်ဖြန် မှာလည်း ရှုံးနိမ့်ရမှာ……..
မတည်ငြိမ်ရင် ဘာမှ မလုပ်နဲ့
ရှုံးနိမ့်မယ်
ဒီ နေရာကို သတ္တိရှိရှိ ရင်ဆိုင်
ဒီ နေရာကို အောင်နိုင်ရင်
နောက် တနေရာ ထပ်တိုက်မယ်….. တဲ့
ရှင်တော်မြတ်ဘုရား
ညီတော် တစ်ပါးကို[ပြော] ဟောတယ်
ငါ ဟာ လွန်မြောက်ချင်သူပဲ
ခံနိုင်ရည်ရှိရှိ တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ရင် အေးချမ်းမှာပါ…
အမှန်တကယ် မလွန်မြောက်သေးသရွေ့  တော့
ထွက်ပေါက်ရှာရင်း
ကြိုးရှာရင်း………….
28.7.2008
12း40 pm
{“အမေ့ရဲ့ဆောင်း”}
<ပထမပိုဒ်>
*အထက်အညာ၊ ရာသီမှာကား
နွေဟာပူလွန်း ၊ချောင်းရေခန်းသို့
နွေကမ်းကိုဖြတ် ၊မိုးခါဇာတ်လည်း
မပြတ်သွန်းရွာ ၊ရွာသောခါကား
ပြန့်လျာကျယ်ဝန်း ၊ ရွာလယ်လမ်းလျှင်
ဖြတ်သန်းမလွယ်၊ နုံးမြေနှယ်သို့
တင့်တယ်ကင်းငြား၊မိုးဇာတ်ခါးကို
ဝပ်တွားခထွက် ၊ဆောင်းခါဇာတ်တွင်
လင်းဓာတ်ပေးဆောင်၊သခင်ရှောင်ပုန်း
ညဥ့်ရောင်ဖုံးလျက်၊အရုဏ်တက်နှင့်
တွယ်ဖက်* ထွက်ခါ ၊ အို ဆည်းဆာတို့
အညာအထက်ချမ်းလွန်းသည်…….။ ။
<ဒုတိယပိုဒ်>
**မလပ်တခါ ၊ချမ်းလွန်းရှာတည့်
ဆောင်းရာသီဇာတ်၊နိဗ္ဗာန်ရပ်တွင်
စွန့်လွတ်ခွဲထွက်၊ရွာပြင်ဘက်ဆ
သနပ်ခါးတင်၊မျက်နှာပြင်လျက်
ရွှင်ရွှင်ပျပျ ၊ ပြုံးအလှနှင့်
လက်ကတံစဉ် ၊ကိုင်လျက်ပင်တည့်
သံစဉ်ညီညာ ၊လှမ်းကြီကာဖြင့်
လျောက်လာခဲ့မြန်း၊ဆီးနှင်းလမ်းမှ
ပက်ဖျန်းအရောင်၊ရွှေပြန်ရောင်သင့်
ရွှေရောင်လွင်ပြင်၊လယ်ကွင်းပြင်တည့်
သွားစဉ်ပါသွား၊သနပ်ခါးလျှင်
ပြန်ကားလာခါ ၊ပါမလာ….ဟု
သစ္စာမုချ ၊ပြောဖွယ်စွတည့်
ရိပ်စရှာဖွေ ၊မတွေ့လေပြီ
မွေးမေမေသွေး၊ ဘ၀ရေးသို့
စတေးပေးဆပ်၊ချွေးရည်စက်က
ချေဖျက်ပျက်ယွင်း၊ပျက်စေခြင်းထင်
ပန်းခင်းမာလာ ၊နတ်နံ့သာသို့
မြတ်မာတာပါး ၊သနပ်ခါးလျှင်
ချစ်သားအကျွန် ၊မတွေ့မှန်ခဲ့
ဟေမာန်ဆောင်းခါ ၊မြတ်မာတာတွင်
တခါမလပ် ပန်းလွန်းသည်……..။ ။
<တတိယပိုဒ်>
***တသက်တခါ ၊မလင်းရှာတည့်
တောရွာညခင်း ၊ကြယ်မလင်းသော်
လမင်းမျှော်ကြ ၊တမ်းတမ်းတသို့
ယုဝခေါ်ဆို ၊မိန်းမပျိုလျှင်
ပါးကိုနံ့သာ ၊ဆံနွယ်မှာပန်း
စဉ်ထာဝရ ၊တမ်းတမ်းတ၏
မိဘတွင်ခေါ် ၊အမေတော်ကား
လ , မျှော်ညခင်း ၊မဟုတ်ကင်းခဲ့
ထုံသင်းနံ့သာ ၊ပန်းမာလာက
ရင်မှာခဏ ၊မတမ်းတ သို့
သားအလှည့်မှာ ၊တုန့်ပြန်လာ ဟု
တသက်တခါ တမ်းကန်းသည်…….။ ။
<<အင်းဝခေတ်ဟန်>
စကြ်ာလည်[၀မ်းပိုက်ကြီး]ရတု>>
{“တုမနှိုင်းသာ”}
<ပထမပိုဒ်>
*အလှဘုရင် ၊ အကြင်နာယှဉ်သုံး
ရယ်ရွှင်ပြုံးလျှင် ၊်ရှုံးအောင်လှပ
ပန်းချီမျှပင် ၊ လိုက်မမှီကျန်ရစ်
နုပျိုမျစ်သား ၊ခြောက်ပြစ်ကင်းလေဖွယ်
အလှမယ်သို့ ၊တင့်တယ်ရှိပေစွ
မြတ်မိဘသည် ၊ အလှရေးဆွဲသီ
နတ်ပန်းချီလျှင် ၊ လိုက်မှီမထင်ရ
ရေးကြံဆသော် ၊
မောဃရလာဒ်ထိုက်မည်ထင်……။
<ဒုတိယပိုဒ်>
**သဒ္ဒအရှင် ၊ အစဉ်သာချိုအေး
မေတ္တာတေးကို ၊ သီကြွေးလေဟန်နှယ်
သားလေးရယ်ခေါ် ၊ နားဝယ်စီးဆင်းဟန်
လွမ်းစိတ်လျှံတက် ၊ အသံဧကရာဇ်
ပိုင်ရှင်ဖြစ်သော ၊ ငှက်စစ်ကရ၀ိတ်
ပျော်မြူးတိတ်သား ၊ ရွှင်စိတ်ပျက်ပြယ်လစ်
မျက်ရည်မြစ်ကို
စင်စစ်စီးဆင်း နိုင်မည်ထင်…...။
<တတိယပိုဒ်>
***ဂန္ဓသခင် ၊ ဆင်ယင်နံ့ သာဖဲ
ချိန်တိုင်းမြဲမွှေး ၊ မြေသဲပြင်ဆီမှ
ထက်ဘုံရှသို့  ၊ ဂန္ဓမာရှုံးသား
ပန်းနံ့ ရှားမည် ၊ ထွဋ်ဖျားအနံ့ ရှင်
မာတာတွင်တည့် ၊ ၀န်းကျင်နှင့်အထက်
ပျံ့ နှံ့ တက်ခြင်း ၊ဂုဏ်မြတ်သတင်းမှာ
သင်းပျံ့ ရှာသည်
ပြိုင်လာပန်းတိုင်း ရှုံးမည်ထင်……..။
တောင့်တဲတွန့် ရတု
လွမ်းဇာနည်
[အင်းဝခေတ်
ရှင်မဟာရဋ္ဌသာရ ၏ ၀ဏ္ဏပဘာ အစချီသော တောင့်တဲတွန့်  ရတုမျိုး ဖြစ်ပါသည်။]
{“အိုဘယ့်မေတ္တာတော်”}
<ပထမပိုဒ်>
*မမေ့ရာဖွယ် ၊ တနေကွယ်လည်း
စမ်းနှယ်မပြတ် ၊ မလျော့တတ်သည့်
ရှေ့ဆက်တိုးလာ ၊နှိုင်းမဲ့စွာတည့်
မေတ္တာပိုင်ရှင် ၊ မြတ်မိခင်သည်
နေ၀င်လကွယ် ၊ အစွမ်းကွယ်လည်း
မကွယ်မေတ္တာ ၊ ထားရှိပါခဲ့
မာတာမျက်ရည် ၊ ကျရှိချေသော်
သက်သေမြေထု ငိုသယောင်…….။
<ဒုတိယပိုဒ်>
**တနေ့တာကွယ် ၊ တ လ ကွယ်လည်း
လနှယ်ဝင်းပြောင် ၊ အလင်းရောင်နှင့်
အမှောင်ဖယ်ကြဉ် ၊ လွန်ဖြူစင်သား
ရှေ့တွင်ဖြောင့်တန်း ၊ အမှန်လမ်းကို
တန်းတန်းတည့်မတ် ၊ ညွှန်ပြတတ်ပြီး
မလပ်သာယာ ၊ ချမ်းမြေ့စွာလျှင်
မာတာအမေ ၊ ထားရှိလေသည်
သက်သေမေရု ပြိုမယောင်…….။ ။
<တတိယပိုဒ်>
***ယနေ့ကာကွယ် ၊အန္တရာယ်တည့်
မလွယ်ထိပ်ဖျား ၊ ပြုစုများကို
မအားမလပ် ၊ ပြုရန်ခက်လည်း
ဆက်ဆက်ယခု ၊ အမေပြုခဲ့
ယခုတုန့်ပြန် ၊ သင့်အဖန်လေ
တာဝန်တစ်ပွဲ ၊ ပျော်ပျော်နွဲပါ
အမြဲတစေ ၊ ပေးဆပ်နေနော်
မြတ်မေနေလု ပျိုလှအောင်…..။ ။
{တိုင်းထွာမရ အနန္တမေတ္တာ}
<*ပထမပိုဒ်*>
နှိုင်းပျအစဉ် ၊ ဘုရားရှင်၏
မိခင်မေတ္တာ ၊ ဥပမာကား
မဟာပံသု ၊ ဒီမြေထု၏
ကြီးမှုတိုင်းထွာ ၊ယူဇနာလျှင်
သင်္ချာတွက်ရေး ၊ နှစ်သိန်းလေးသောင်း
ရှည်ဝေးမတု ၊သိနေရုကား
ကြီးမှုတိုင်းထွာ ၊ယူဇနာလျှင်
သင်္ချာရှစ်သောင်း ၊လေးထောင်ပေါင်းလော့
သိန်းသောင်းကုဋေ ၊မတွက်ရေနှင့်
အမေမေတ္တာ ၊နှိုင်းယှဉ်ပါသော်
လွန်စွာသေးသွယ် ၊၀ါးရွက်ငယ်နှင့်
နွားဝယ်ချိုသွင် ၊ပမာယှဉ်၏
အစဉ်နှိုင်းပျ သိစေမည်………။ ။
<*ဒုတိယပိုဒ်*>
ရိုင်းပျမထင် ၊ထပ်နှိုင်းယှဉ်ရဲ့
မမြင်ဘက်ကမ်း ၊လွန်ကျယ်ဝန်းသည့်
မြစ်ကျွန်းဘုရင် ၊ သမုဒ်ပြင်ကား
မမြင်တိုင်းတာ ၊ကျယ်ဝန်းစွာတည့်
ပမာဏကင်း ၊လွန်ကျယ်ဝန်းသည့်
ရေမွန်းသင်္ဘော ၊လှေငယ်မျော..သို့
ပြန့်ပြောကျယ်စွာ ၊အဏ္ဏ၀ါလည်း
မေတ္တာအရာ ၊ မနှိုင်းသာသော
မာတာအမေ ၊နှိုင်းယှဉ်လေသော်
မိုးရေစက်ပေါက် ၊တစက်လောက်တည့်
ကျမ်းထောက်လေပြန် ၊လွန်စွာမှန်၏
တဖန်နှိုင်းယှဉ် ၊ရှုစေချင်သည်
မထင်ရိုင်းပျ ရှိစေမည်…….။ ။
<*တတိယပိုဒ်*>
တိုင်းဆမမြင် ၊သမုဒ်ပြင်ထက်
အစဉ်ကျယ်စွာ ၊စက္က၀ါတည့်
ဗြဟ္မာလူနတ် ၊မျိုးစုံဇာတ်ကား
ဒီ စက္က၀ါ ၊ ဧရိယာတွင်း
စဉ်သာခိုလှုံ ၊အလုံးစုံရှင့်
အကုန်ဝါးမျို ၊က၀ိဆိုခဲ့
ထိုထိုကျယ်စွာ ၊စက္က၀ါကား
တိုင်းထွာမရ ၊ကျယ်လွန်းလှ၏
စက္က၀ါပြင် ၊ရှိမထင်လည်း
မိခင်မေတ္တာ ၊နှိုင်းယှဉ်ပါသော်
တိုင်းထွာမရ ၊စကြ်ာဝဠာ
အပ်နဖားသွင် ၊ရှိသည်ထင်၏
မမြင်းတိုင်းတာ ရှိနေသည်……..။ ။
ပထ၀ိံ ဝေဠုကံ ပတ္တံ၊
သိနေရု ဦန ၀မ္မိကံ၊
စက္က၀ါဠံ သူစိ ဃရံ
သမုဒ္ဒေါ ပါတိကံ ယထာ။
<<အချီညီ ပဒညီ အချညီ>
ပိုဒ်စုံ စကြ်ာလည် ရတု>>
No comments:
Post a Comment