လွမ်းဇာနည် မှ ကြိုဆိုပါ၏

welcome  Comments
ဝေဒနာ ဆိုတာ ရင့်ကျက်သည်းထန်လာရင် အနှိုင်းမဲ့ အလှဖြစ်သွားတယ် ဒါမှမဟုတ် အဲဒါကို ရူးသွပ်ခြင်းလို့ခေါ်တယ်….

Wednesday, September 17, 2008

{……..သို့…………}



{……..သို့…………}
သစ်ရွက်ကြွေတာမြင်တိုင်း
နင့်ကို လွမ်းမိတယ်
ရာသီတွေပူပြင်းတိုင်း
တေးသီငှက်ရဲ့ အသံက
ငါ့နှလုံးသားကို အေးမြစေတယ်……
ကျောင်းသူ ကျောင်းသားတွေမြင်တိုင်း
စာရိတ္တမယ် ဘွဲ့ထိုက်တန်တဲ့ နင့်ကို
မြင်ယောင်နေမိတယ်……..
အကြင်နာ နက္ခတ်နဲ့ ယှဉ်ပြီးမွေးဖွားလာတဲ့
မေတ္တာဝေရွှန်း နင့်မျက်ဝန်းဟာ
ငြိမ်းချမ်းရေး နဲ့ ဆွေမျိုးတော်စပ်ပြီး
စမ်းချောင်းတို့ စီးဆင်းရာလမ်းနဲ့ ယှက်နွယ်နေလား
မြင်သူတိုင်းကို စွဲမက်စေတယ်
ချမ်းမြေ့စေတယ်……..
ဧကရီ မွန်လေးရယ်

နင်ဟာ
ငါ့ အနာဂါတ်တွေကို
ဆေးဆိုး ပန်းရိုက်ပြုလုပ်ပြီး
လှပစွာ ရှင်သန်နေနိုင်ဖို့
မျှော်လင့်ချက်တွေ မွေးဖွားပေးလိုက်တာပါ………
ငါ့ရဲ့ တွေဝေနေတဲ့ စိတ်တွေကို
နင့်ရဲ့ ကွန်ပြူတာဆိုင် လမ်းညွှန်မှုဟာ
ဖြူစင်တဲ့ နယ်မြေဘက် ခေါ်ဆောင်သွားသလိုပါဘဲ…….
ကျန်ရစ်ပါစေတော့ ……..ရယ် လို့
ချန်ပစ်ခဲ့တာ မဟုတ်ပါဘူး………မွန်လေး
[ဘ၀ကို ဘောင်ခတ်တဲ့ ] တာဝန်ဟာ
ကာရံမှန်းသိခဲ့ရင်
မမွေးဖွားခင်ကတည်းက
သေဆုံးဖို့ ကြိုးစားခဲ့မှာပါ……
မရေရာ ဘ၀အခိုက်မှာ
[ကိုယ်စီ]
ဝေဒနာ ရလာဒ်ထိုက်တာ
ခံစားပြီး နာကျည်းရမှာ
သူ ငါ အသိဘဲပေါ့ကွယ်………
အတွေ့ကြာမှ
မမေ့ရှာနိုင်သတဲ့လားကွယ်…….
တခဏတာဟာလည်း
တဘ၀စာ ရုပ်ကြွင်းတည်နိုင်ပေါ့……..
ပြန်တွေ့ဖို့
ကြိုးစားကြပါစို့ ဆိုရင်လည်း
ကာရံမဲ့ ဘ၀တခုကို
ထုဆစ်ရလိမ့်မယ်ကွယ်….
မေ့လိုက်ကြပါစို့ ဆိုရင်လည်း
ညှိုးနွမ်းဖို့ ခဲယဉ်းတဲ့
နှလုံးသားထဲက
အထိမ်းအမှတ် သင်္ကေတတွေ
ဖျောက်ဖျက်ပစ်ဖို့ ဆိုတာ
အမုန်းဓားကို သွေးဖို့
ကိုယ့် အသဲက
ကျောက်ခဲလို အထောက်ပံ့နိုင်ဘူးကွယ်……
မင်းနဲ့ ကိုယ် အကြား
[စကားပြောခွင့်မရတောင်]
တဖက်နဲ့ တဖက် မြင်ရနိုင်တဲ့
မှန်တချပ်လောက်ပဲ ခြားပါရစေ
……………………….
ကြုံသာကြုံ မဆုံတဲ့ လမ်းဆိုတာ
အစက ကြိုသိခဲ့ရင်
ကြုံတွေ့ခွင့်တွေ
ဘာကြောင့် ဖန်တီးလိုက်တာလဲကွယ်….
ထာဝရ နားခိုခွင့် မရနိုင်မှန်းသိခဲ့ရင်
ဧည့်သည်အဖြစ်တောင် ခြေချဖို့တောင်
အားမထုတ်ခဲ့ပါဘူးကွယ်…….
သံယောဇဉ်ငြိတွယ်ကာမှ
ကြိုးပြတ်သွားတဲ့ စွန်လို
ပျံသန်း ပျံဝဲဖို့ဆိုတာ
အနာဂါတ်က သေဆုံးနေပေါ့……..
ကိုယ့် ခြေလှမ်းက
နိဒါန်းကို မကျော်လွန်သေးပေမယ့်
ပန်းတိုင်နဲ့ အဝေးကြီးမှာ
လမ်းဆုံးသွားပါပြီ……….
ကိုယ့်ကိုကိုယ် တရားခံလို့ပြောရမှာလား?
မြို့ကလေးရဲ့ ဧရိယာထဲ
ပထမခြေချခွင့်ပေးခဲ့တဲ့
ကံကြမ္မာကိုဘဲ တရားခံလို့ ပြောရမလား?
မြို့ကလေးရဲ့ အဝေးကလူမှာ
ပြစ်မှုမရှိဘဲ
ပြစ်ဒဏ်ခတ်ခံနေရပေါ့…….
ကျယ်ဝန်းတဲ့ လောကကြီးမှာ
ကိုယ်ဟာ
အကျဉ်းကျနေသူ တစ်ယောက်လိုပါဘဲကွယ်……..
အရာရာကို
ယုံကြည်လက်ခံဖို့ဆိုတာ
အရာရာတိုင်းက
အမှန်တရားနဲ့ အကောင်းချည်းမှ
မဟုတ်နိုင်ဘဲကွယ်……..
ငါဟာ
မာယာဓားတို့ရဲ့ ထိုးခုတ်မှုအောက်မှာ
လှည့်စားမှုတွေ တတ်မြောက်ခဲ့တဲ့
မြစ်တစင်း……
တွေ့ဆုံမှုတွေ မတည်တံ့ခဲ့ပေမယ့်
ငါ့ မေတ္တာတရားတွေ
ခိုင်မြဲခဲ့ပါတယ်……….မွန်လေး…….
မလွှဲသာ လို့ ခွဲခွာရတာ
အသဲမှာ ကျဲဟာ နေမယ် ဆိုတာ
မွန်လေး သိနိုင်ပါစေ……..
အဝေးကြီးဝေးပေမယ့်
အနီးဆုံးလေးမှာဘဲ
ကျန်ခဲ့ပါတယ်….တည်ရှိနေခဲ့ပါတယ်
တွေ့မြင်ခွင့်တွေ ကုန်ဆုံးတော့မယ် ဆိုတဲ့ အသိက
ရင်ခွင်ကို တုန်ခါသွားစေတဲ့
ငလျင်လှိုင်းတခုပါဘဲ…
ငါ့အသဲက နုလို့လား………?
ဒဏ်ရာက ပြင်းထန်လို့လား……….?
မွန်လေးနေတဲ့ မြို့ကို အခွဲ
ကိုယ့် အသဲ ကြေကွဲခဲ့ပါပြီ………
သံယောဇဉ်တွေ ခိုင်မာစွာ လွန်းတင်လို့
မေတ္တာကြိုးအဖြစ်ရောက်ရှိပြီး
ကျစ်လစ်စွာချည်နှောင်ထားကာမှ
ဇောက်ထိုး မိုးမျှော်ကြမ္မာမုန်တိုင်းက
အမျက်ကြီးစွာနဲ့
ဖျက်ဆီးပစ်နေပေါ့………
နှုတ်ဆက်ခြင်းကို
ကိုယ်
နာကျည်းမုန်းတီးတတ်ခဲ့ပြီ ……..မွန်လေး
နှုတ်ဆက်ခြင်း ဆိုတာ
အဝေးကြီး ဝေးကွာသူတို့ရဲ့ သင်္ကေတပါကွယ်..
မွန်လေးနေတဲ့ မြို့က အထွက်
နှုတ်ဆက်ကျောက်တိုင်ကိုတောင်
ကိုယ် မကြည့်ခဲ့ဘူး………
မေတ္တာစစ်တို့ရဲ့ သဘောတရားဟာ
ပြန်လည်ဆုံဆည်းတတ်တဲ့
လက္ခဏာ အမှတ်အသားရှိပါတယ်ကွယ်……
ခွဲခွာခြင်းပေမယ့်
ပြန်ဆုံရမယ့် ဘ၀မှာ
[အမှတ်တရ အဖြစ်နဲ့]
ဘယ်အရာကိုမှ
နှုတ်ဆက်မထားချင်ဘူး………
မွန်လေး…………ရယ်

No comments: